Sunday, February 10, 2008

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့် ဟိုတယ်ကြီး အချို့တွင် ၀န်ထမ်းများအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖေါက် ခံရမှုများ ရှိနေ

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်ဟိုတယ်ကြီးအချို့တွင် ၀န်ထမ်းများအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများရှိနေ

ဖေဖော်ဝါရီ (၉)၊ ရန်ကုန်မြို့။

ရန်ကုန်မြို့တော်ရှိ ကြယ်ငါးပွင့် အမည်ခံ ဟိုတယ်အချို့တွင် ၀န်ထမ်းများအပေါ် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုများ ရှိနေ ကြောင်း ရန်ကုန်မြို့ခံ ဟိုတယ်ဝန်ထမ်းအချို့မှ ပြောပါတယ်။

အလုပ်သမား အခွင့်အရေး ချိုးဖောက် ခံနေရမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့ ကန်တော်ကြီး အနီး ဖွင့်လှစ်လျှက်ရှိတဲ့ ဟိုတယ်တစ်ခုမှ အ မည် မဖော်လိုတဲ့ ၀န်ထမ်းတစ်ဦးမှ ဆိုရာမှာတော့

“ကျွန်တော်တို့ရဲ့ အပိုင်းက House Keeping အပိုင်း ဖြစ်နေတော့ ပိုဆိုးတာပေါ့။ နဂိုကတည်းကမှ မြန်မာ့ယဉ်ကျေးမှုနဲ့ကြည့်လိုက်ရင် အောက်ကျတဲ့ အလုပ်မျိုးဖြစ်ပေမယ့် ကျွန်တော်တို့ တိုင်းပြည်မှာ အခြားဘ၀ရပ်တည်မှု လုပ်ငန်းတွေ ရှားပါးနေတော့ ဒီအလုပ်ကိုပဲ ရွေး ချယ် လုပ်ကိုင်ခဲ့ကြရတယ်။ ဒီအပေါ်မှာ ဟိုတယ်ရဲ့ အဆင့်မြင့် အရာရှိတွေကလည်း လက်အောက် ငယ်သားတွေအပေါ် အနိုင်ကျင့်မှု၊ မ တရားဖိနှိပ်မှုတွေ ရှိသလို လကုန်လို့ လစာ ထုတ်ချိန်မျိုးမှာလည်း အကြောင်းအမျိုးမျိုးပြပြီး ကျွန်တော်တို့ကို လဆန်း (၁၅) ရက်ကျော်မှ လစာ ထုတ်ပေးတယ်။ သူတို့က ကျွန်တော်တို့အတွက်ဆိုပြီး စာရင်းနဲ့ရတာက ဒေါ်လာဖြစ်ပေမယ့် ကျွန်တော်တို့ကို မြန်မာငွေနဲ့သာ လစာ ပေးတယ်။ ဒီလိုပေးတဲ့ အခါမျိုးတွေမှာဆိုရင်လည်း ဒေါ်လာဈေးတက်တဲ့ အချိန်အခါရောက်မှ ကျွန်တော်တို့ကို လစာပေးတာမျိုးတွေ ရှိ တယ်။ အခြား အဆိုးရွားဆုံးကတော့ လုပ်ငန်းခွင်မှာ အချိန်ပိုဆင်းရတဲ့ အခါမျိုးတွေမှာ အချိန်ပို Over Time ကြေး ပေးတယ်ဆိုတာ ကျွန်တော့် လုပ်ငန်းအတွေ့အကြုံ နှစ်နှစ်ကျော်မှာ တစ်ခါမှ မခံစားဘူးပါဘူး။ နောက်ပြီးတော့ လူတစ်ယောက်ဟာ အချိန်ကာလ အတော် ကြာအောင် နေရာတစ်နေရာမှာ ဘယ်လောက်ပဲ ကြိုးစားကြိုးစား တိုးတက်မှုဆိုတာ မရှိပါဘူး။ ရာထူး တက်တာတို့ လစာတိုးတာတို့ပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြည်တွင်း မီဒီယာတွေက လက်ရှောင်နေကြတာတွေအများကြီးရှိတယ်။ သူတို့အနေနဲ့လည်း ရေးသား ဖော်ပြခွင့် မရှိဘူးနဲ့တူပါတယ် ”လို့ သူတွေ့ကြုံနေရတဲ့ အတွေ့အကြုံတွေကို ပြောပြပါတယ်။

ဒါအပြင် ဟိုတယ်ဧည့်ကြို အမျိုးသမီးငယ် တစ်ဦးမှ ဆိုရာမှာတော့ “ အခုကျွန်မတို့ရဲ့ အခြေအနေက ဟိုတယ်နဲ့ပတ်သက်တဲ့ အတွေ့ အကြုံတွေကို အလုပ်လုပ်ရင်း ယူတဲ့ သဘောပဲရှိပါတယ်။ ဒီကရတဲ့ ငွေဆိုတာ မျှော်လင့် မထားပါဘူး။ ဒီကနေ ကျွန်မအတွေ့အကြုံရရင် နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်ဖို့ပဲ စိတ်ကူးနေတယ်” လို့ ဆိုပါတယ်။

ပြင်ပသို့ ဟိုတယ်အလုပ်ဖြင့် သွားရောက် အလုပ်ကိုင်နေသူ ၀န်ထမ်းတစ်ဦးမှ ဆိုရာမှာတော့

“အများအမြင်မှာတော့ ကျွန်တော်တို့ အလုပ်က ငွေများများ ရတယ်လို့ ထင်ကြတယ်။ ဒါတော့ ဟုတ်ပါတယ်။ ဒီအလုပ်က အခြားအလုပ် တွေထက်စာရင် အပင်ပန်း သက်သာပါတယ်။ ဒါပေမယ့် အခု ကျွန်တော် အလုပ်လုပ်နေရတာက စင်္ကာပူမှာပါ။ ဒီမှာ အခြား ဟိုတယ်ဝန် ထမ်းတွေထက်စာရင် ကျွန်တော်တို့ မြန်မာလူမျိုးတွေဆို လူမျိုးရေးအရ ချိုးနှိမ်ခံရတာမျိုးတွေ ရှိသလို လစာပိုင်းမှာ ဆိုရင်လည်း အခြား နိုင်ငံခြားသား လူမျိုးတွေလောက် ကျွန်တော်တို့ လစာရကြတာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်က အလုပ်သမား ပေါတယ် လို့ သူတို့ ထင်မြင်ထားကြတဲ့ အတွက်ပါပဲ။ နေ့စဉ်နဲ့အမျှ ဟိုတယ်အလုပ်ရဖို့ ကြိုးစားနေကြတဲ့ မြန်မာဟိုတယ် ၀န်ထမ်းတွေလည်း အ များကြီးပါ။ သူတို့ကလည်း တစ်ပြားမှမရပဲ ဒီအတိုင်း နေရတာထက် စာရင် နည်းတယ်ပြောပြော၊ များတယ်ပြောပြော ၀င်လုပ်ချင်ကြပါ တယ်” လို့ ဆိုပါတယ်။

ဒီလို မြန်မာ ပြည်သူများအနေဖြင့် တိုင်းပြည်ကို အုပ်ချုပ်လျှက်ရှိတဲ့ အစိုးရရဲ့ ချို့ယွင်းတဲ့ အုပ်ချုပ်ရေးပုံစံများနှင့် အမျိုးသား အကျိုးစီး ပွား လုံးဝမပါသော နိုင်ငံတော် စီမံကိန်းများကြောင့် အဆင့်ဆင့် ပုံဖော်ဆောင်ရွက်နေကြသော ကဏ္ဍအလိုက် ချို့ယွင်းချက်များ၏ အကျိုး ဆက်များကြောင့် လူ့အခွင့်အရေးဆိုင်ရာ အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးနေရတဲ့ အဖြစ်အပျက်များမှာ မြန်မာ ပြည်သူများအတွက် ထူးမခြားနားသော ဖြစ်စဉ်တစ်ခုအဖြစ် အချိန်မည်မျှ ကြာအောင် ကြာရှည်နေဦးမည် မသိနိုင်ပေ။

မင်းထက်ဘုန်းမြတ်

awaiset.navanar@gmail

1 comment:

Anonymous said...

လွတ်လပ်တဲ့ မြန်မာပြည်ကြီး ဖြစ်လာမယ့်နေ.တနေ. ကိုမျှော်လင့်ရင်းနဲ. အားတင်းကြရအောင်..............