Sunday, February 10, 2008

တညင်(သံလျင်) ဂျီတီစီ ကျောင်းသားများ ကျောင်းသား အခွင့်အရေး ချိုးဖေါက်ခံရမှု

တညင် GTC ကျောင်းသားများ ကျောင်းသားအခွင့်အရေးချိုးဖောက်ခံရမှု သီးမခံနိုင်

ဖေဖော်ဝါရီ (၉)၊ ရန်ကုန်မြို့။

ရန်ကုန်မြို့နှင့် (၁၂) မိုင်ခန့် ကွာဝေးတဲ့ သံလျှင်မြို့အစွန်တွင် ဖွင့်လှစ်ထားတဲ့ တညင် GTC ကျောင်းသားများ အနေဖြင့် ကျောင်းအုပ် (ပါမောက္ခချုပ်) ၏ မတရား ဖိနှိပ်မှုများကို မခံမရပ်နိုင် ဖြစ်ကြသဖြင့် ကျောင်းအုပ်ကြီး နေအိမ်အား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက မီးရှို့ပစ်ရန် ကြံစည်ခဲ့ကြတယ်လို့ သိရှိရပါတယ်။

ဖြစ်စဉ်မှာ ပါချုပ်မှ ကျောင်းအပ် နောက်ကျသော ကျောင်းသူ ကျောင်းသားများကို ကျောင်းအပ် လက်ခံခြင်း မပြုတော့ဘဲ ကျောင်းတစ် နှစ် ထုတ်ပယ် ရပ်နားပစ်မည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

တညင် GTC တွင် ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်တဲ့ ကြည့်မြင်တိုင်၊ အလုံ၊ မြေနီကုန်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ သုဝဏ္ဏ စတဲ့မြို့နယ်များမှ ကျောင်းသားများ အများဆုံး တက်ရောက်ပညာ သင်ကြား နေကြရတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပေမယ့် နံနက် (၈း၀၀) နာရီအချိန်မှာ ကျောင်းတက်ပြီး ကျောင်းဝင်း တံခါးကို ပိတ်ပင်ထားသဖြင့် ကျောင်းနောက်ကျတဲ့ ကျောင်းသူ ကျောင်းသားများ အနေဖြင့် ခြံစည်းရိုး ခွေးတိုးပေါက်များမှ တိုးဝင်ကာ ကျောင်းတက်နေကြရတာဟာ ဒီကျောင်းရဲ့ အစဉ်အလာ တစ်ခုလိုပင် ဖြစ်နေခဲ့ရပါပြီ။

ဒါကြောင့် ယခုလို ကျောင်းအပ် နောက်ကျခြင်းကို အကြောင်းပြုပြီး ကျောင်းသားများအပေါ် ထပ်မံဖိနှိပ်မှုများ ပြုလုပ်သဖြင့် ကျောင်းသူ ကျောင်းသားများမှ သည်းမခံနိုင်သည့်အဆုံး ကျောင်းအုပ် နေအိမ်အား မီးရှို့ရန် ကြံစည်ခဲ့ကြခြင်း ဖြစ်တဲ့အကြောင်း သိရှိရပါတယ်။

ကျောင်းအပ် နောက်ကျခြင်းသည် ယခုအချိန်အထိ ကျင့်သုံးနေသော တက္ကသိုလ်များ စည်းမျဉ်း စည်းကမ်းတွင် အကျုံးဝင်ခြင်းမရှိပါပဲ ယခုကဲ့သို့ အရေးယူ ဆောင်ရွက်ခြင်းအပေါ် ကျောင်းသား မိဘများမှလည်း မကြေမနပ်ဖြစ်လျှက် ရှိကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသား မိဘတစ်ယောက်က ဆိုရာမှာတော့

“ကျွန်တော်တို့ ကျောင်းတက်ခဲ့ကြစဉ် အချိန်တုန်းက စာမေးပွဲနီးမှ ကျောင်းအပ်တဲ့ ကျောင်းသားတွေဆိုတာ အများကြီးပဲဗျာ။ ကျောင်း အပ်နောက်ကျလို့ ကျောင်းထုတ်ခံရတယ်။ ရပ်နားခံရတယ်ဆိုတာ တက္ကသိုလ် ကျောင်းသားဘ၀မှာ မကြားဘူးတဲ့ ကိစ္စပဲဗျ။ အခု ကျွန် တော်ရဲ့ သားကို ကျောင်းအပ် နောက်ကျတဲ့ ကိစ္စနဲ့ ကျောင်းတစ်နှစ် နားရမယ်ဆိုပြီး လုပ်တဲ့အပေါ် ကျွန်တော် လုံးဝမကြေနပ်ဘူးဗျ။ ကျောင်းသား တစ်ယောက်အတွက် တစ်နှစ် နောက်ကျသွားရင် ဘယ်လောက် နစ်နာတယ်ဆိုတာ သူတို့ ကိုယ်ချင်း မစာတတ်ဘူးလား မသိဘူးဗျာ ” လို့ သူ့အတွေ့အကြုံများနှင့်ယှဉ်ပြီး ယခင် ကျောင်းသားဘ၀နှင့် ယခုကျောင်းသားဘ၀ ကွဲပြားခြားနားပုံကို ပြောပြပါတယ်။

ရန်ကုန်တက္ကသိုလ်မှ ဆရာတစ်ဦးမှ ဒီကိစ္စအပေါ် သုံးသပ် ပြောကြားရာမှာတော့ “အဲ့ဒီ GTC တို့၊ နည်းပညာတက္ကသိုလ်တို့က ကျောင်း အုပ်ဆိုတဲ့ ဆရာတွေက အသက် ငယ်ငယ်လေးတွေ ရှိကြသေးတာ။ အလွန်ဆုံး အသက်သုံးဆယ်ပေါ့။ ဒီအရွယ်နဲ့ ဒီလိုရာထူးတွေ ရထား ကြတော့ ဘ၀င်မြင့်နေကြတာတွေလည်း ရှိတယ်။ ဒီတော့ လုပ်လို့ရတုန်း လုပ်တယ်ကွဆိုပြီး လုပ်ကြတာတွေရှိတာပေါ့ဗျာ။ ဒီလို ဘာ ကြောင့်ဖြစ်ရလဲဆိုရင်တော့ အစိုးရက တိုင်းမြို့၊ ခရိုင်မြို့တွေတိုင်း GTC တို့၊ နည်းပညာတက္ကသိုလ်တို့ ရှိရမယ်ဆိုပြီး စီမံချက်ချတော့ နောက်က အစည (အဆင့်မြင့်ပညာဦးစီးဌာန) က သူတွေကလည်း မရှိ ရှိတဲ့ဆရာ မဟာတန်းကျောင်းသား နည်းပညာတွေကို အသစ်ဖွင့် တဲ့ ကျောင်းတွေဆီကို ပါချုပ်တို့ ကျောင်းအုပ်တို့ ဆိုပြီး ပို့လိုက်ကြရာက ဒါမျိုးတွေဖြစ်လာရတာပေါ့ဗျာ” လို့ ဆိုပါတယ်။

တညင် GTC ကျောင်းသားများ အနေဖြင့် သူတို့တွေ့ကြုံနေကြရတဲ့ အဖြစ်အပျက်များနှင့် သူတို့ရဲ့ အဖိနှိပ်ခံဘ၀များနှင့် ပတ်သက်ပြီး ပြည်ပအခြေစိုက် မီဒီယာများသို့ ပြောပြလိုနေကြပါတယ်။

1 comment:

Anonymous said...

ယခု လက်ရှိ နည်းပညာ တက္ကသိုလ် နှင့် အခြေခံ ပညာရေးလောက ကို ကြိုးကိုင်နေတာက တော့ သပန ၀န်ကြီး ဦးသောင်း ပဲဖြစ်ပါတယ်။ ယခု အမိန့်ကိုလည်း ဦးသောင်း ကိုယ်တိုင်က ပေးတာလို့ နေပြည်တော် ၀န်ကြီးရုံးမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ဦးက ပြောပါတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာလောကကို ဖျက်ဆီးနေတဲ့ တရားခံတစ်ဦးလည်း ဖြစ်ပါတယ်။