Saturday, February 9, 2008

အကယ်ဒမီဆုပေးပွဲတွင် အာဏာပိုင်များမှ လုံခြုံရေးအကြောင်းပြပြီး စာနယ်ဇင်းများအား ရိုင်းပြစွာ ဆက်ဆံမှုများရှိခဲ့

ဖေဖော်ဝါရီလ (၇) ရက်နေ့က ပျဉ်းမနား (နေပြည်တော်) တွင် ကျင်းပပြုလုပ်ခဲ့သော အကယ်ဒမီဆုပေးပွဲတွင် အစိုးရ အာဏာပိုင်အဖွဲ့ အစည်းများမှ လုံခြုံရေးအား အကြောင်းပြုပြီး တက်ရောက်လာကြသော စာနယ်ဇင်းများကို ရိုင်းပြစွာဆက်ဆံမှုများနှင့် စာနယ်ဇင်း လွတ် လပ်ခွင့်များကို ချိုးဖောက်ခဲ့ကြောင်း အကယ်ဒမီပွဲတက် ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ သိရပါတယ်။






ရန်ကုန်အခြေစိုက် စာနယ်ဇင်းများသည် ဆုပေးပွဲကျင်းပမည့် ဖေဖော်ဝါရီလ (၇) ရက်မတိုင်မီ တစ်ရက်အလို (၆) ရက်နေ့ ညနေမှ စတင် ကာ ဆုပေးပွဲ ကျင်းပမည့် နေပြည်တော်တည်ရှိရာ ပျဉ်းမနားမြို့သို့ စတင်ထွက်ခွာခဲ့ကြရပြီး ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ရောက် ရှိခဲ့ကြပြီး အခမ်းအနား မစတင်မှီ နာရီပေါင်းများစွာအလို နေ့လည် (၃း၃၀) နာရီအချိန်ကပင် ဆုပေးပွဲကျင်းပရာလေဟာပြင် ကဇာတ်ရုံ တွင်းသို့ ၀င်ရောက် နေရာယူပေးခဲ့ကြရတယ်လို့ ဆိုကြပါတယ်။ ဒီလို စတင်ဝင်ရောက်စဉ်ကပင် အာဏာပိုင်အဖွဲ့အစည်းအသီးမှ အာဏာ ပိုင်များက လုံခြုံရေး စစ်ဆေးမှုများကို ပြုလုပ်ခဲ့ကြသလို နာရီ၊ ဘောပင်၊ မှတ်စုစာအုပ်များနှင့် အသံ ဖမ်းစက်များ၏ အပိုပစ္စည်းများဖြစ် တဲ့ တိတ်ခွေအလွတ်၊ ဓာတ်ခဲအလွတ်များကို ယူဆောင်ခြင်း မပြုလုပ်ရန် ဟန့်တားခဲ့ကြပါတယ်။ ဒါအပြင် အမျိုးသမီးများတွင်မူ လိုအပ် သည့်အသုံး အဆောင်အချို့ကို ထည့်ဆောင်လာကြသည့် လက်ပွေ့အိပ်များကိုလည်း ချန်ထားခဲ့ကြရကြောင်း အကယ်ဒမီပွဲတက် စာနယ်ဇင်းအမျိုးသမီးများက ဆိုပါတယ်။













နေ့လည် (၃း၃၀) နာရီကတည်းက ကျွန်တော်တို့ အတွင်းထဲကို ၀င်နေရတယ်။ ဒီအချိန်တုန်းကတည်း ကျွန်တော်တို့ တာဝန်ကျလုံခြုံရေး တွေကို မေးခဲ့သေးတယ်။ အတွင်းထဲ မှာ စားသောက်ဆိုင်ရှိပါသလားလို့။ ဒီတုန်းက သူတို့က ရှိတယ်သွားစားလို့ရတယ်လို့ ပြောခဲ့ပေမယ့်၊ တကယ်တမ်းမှာတော့ ဆိုင်ကရှိတယ်ဆိုပေမယ့် သွားစားမိလို့ ဂိတ်ဝမှာ စစ်ဆေးမှုကို နောက်တစ်ကြိမ် ထပ်ခံကြရသလို ဆူပူကြိမ်း မောင်းမှုတွေခံခဲ့ရသေးတယ်။ အယ်ဒီတာတစ်ဦးက သူရဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၊ ထိုင်ခုံ ထိုင်စရာမရှိသဖြင့် ဖြစ်သလို အုတ်ခုံများပေါ်တွင် ထိုင်နေရခြင်းများကိုလည်း အာဏာပိုင်များမှ မှတ်တမ်း ဓာတ်ပုံများကို လာရောက် ရောက်ကူးခဲ့ခြင်းများလည်းရှိခဲ့ပါတယ်။ အကယ်ဒမီဆုပေးပွဲများတွင် စာနယ်ဇင်းများ၏ အနေအ ထားနှင့် ပတ်သက်ပြီး စာပေလောကသားတစ်ဦးမှ သုံးသပ်ပြောကြားရာမှာတော့ “အခုဟာက ကျွန်တော်တို့ မီဒီယာသမားတွေကို တမင် သက်သက် ခေါ်ချိုးလိုက်တာပဲဗျ။ ဘာလို့လည်းဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ လူထုလှုပ်ရှားမှုမှာ စာနယ်ဇင်းသမားတွေ ထိပ်ဆုံးကနေပါဝင်ခဲ့ကြတယ်။ အရေးအခင်း ပြီးတဲ့အချိန်မှာလည်း စာနယ်ဇင်းသမားတွေက စာပေစိစစ်ရေးနဲ့ အစိုးရမကောင်းကြောင်းတွေကို ပြည်ပမီဒီ ယာတွေကတစ်ဆင့် ပြောဆိုဝေဖန်ခဲ့ကြတာတွေရှိတော့ ဒါကို အငြိုးထားပြီး ဒီလိုပြုမူဆောင်ရွက်ကြတာဖြစ်မယ်” လို့ သူ့ရဲ့ထင်မြင် ယူ ဆချက်ကိုပြောပါတယ်။

ယခုနှစ် အကယ်ဒမီဆုပေးပွဲနှင့် ယခင်နှစ်က ပြုလုပ်ခဲ့သော ဆုပေးပွဲ ကွဲပြားပုံ နှင့်ပတ်သက်ပြီး ၀ါရင့်အယ်ဒီတာတစ်ဦးမှ သုံးသပ် ပြော ကြားရာမှာတော့ “မနှစ်ကဆိုရင်လည်း ဒီလိုပဲ နေပြည်တော်မှာ လုပ်ခဲ့တာပဲလေ။ ဒါပေမယ့် အဲ့ဒီတုန်းက စာနယ်ဇင်းတွေအတွက် ရုပ်ရှင် အစည်းအရုံးကသူတွေက နေရာချထားပေးတာမျိုးတွေရှိခဲ့တယ်။ ဒါပေမယ့် ဒီနှစ်ကတော့ တော်တော်ဆိုးတယ်ဗျ။ ထောင်ချီအောင် ချ ထားကြတဲ့ ထိုင်ခုန်တွေ လွတ်နေတဲ့ခုံတွေအများကြီးရှိနေပေမယ့် ကျွန်တော်တို့အတွက် ထိုင်စရာထိုင်ခုံမရှိဘူး။ ကျွန်တော်တို့ ဘယ်လိုပုံ စံနဲ့ သတင်းယူခဲ့ရတယ်ဆိုတာ ဒီပွဲကို တက်ခဲ့ကြတဲ့ စာနယ်ဇင်းသမားတွေ အကုန်လုံးသိတယ်။ ဒီ တော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ စာ နယ်ဇင်းလောကအပေါ် အစိုးရက ဘယ်လိုဆက်ဆံတယ်ဆိုတာ ဒါက ကွက်ကွက်ကွင်းကွင်း မြင်စေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်ရဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဆိုတာ ဒီတစ်ချက်တည်းနဲ့တင် အားလုံးက သိသွားကြမှာပါ” လို့ ဆိုပါတယ်။

ဒါ့အပြင် အခမ်းအနားတွင် အမျိုးသားသရုပ်ဆောင်ကို ကြေညာရန်အတွက် အကယ်ဒမီကျော်ရဲအောင်ကို ဖိတ်ခေါ်ရာတွင် သရုပ်ဆောင် ကျော်ရဲအောင် အချိန်မှီရောက်ရှိနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီလိုအချိန်မှီရောက်ရှိမလာနိုင်တဲ့ သတင်းကို အခမ်းအနားစီစဉ်သူများ မသိရှိရသည့် အဓိကအကြောင်းအရင်းမှာ နေပြည်တော်တွင် GSM တယ်လီဖုန်းစနစ်ကို တမင်တကာ မရရှိအောင် ဆောင်ရွက်ထားခြင်းမှာ အဓိကပဲ ဖြစ်ပါတယ်။ နိုင်ငံတော်အဆင့် လူကြီးမင်းများနေထိုင်ရာ နေပြည်တော်မြို့တွင် ကျန်သည့် အခြေခံအဆောက်အအုံများကို နိုင်ငံတကာ အဆင့်အတန်းမှီအောင် ဆောင်ရွက်ထားပေမယ့် GSM တယ်လီဖုန်းစနစ်ကို ဘာကြောင့် တပ်ဆင်မထားရသလဲဆိုသည်မှာ အတော်ကို စဉ်းစားဖို့ကောင်းတဲ့အရာလည်း ဖြစ်ပါတယ်။ ယခုကဲ့သို့ သရုပ်ဆောင်ကျော်ရဲအောင် အခမ်းအနားသို့ အချိန်မှီမရောက်ရှိလာခြင်းအပေါ် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းမှ ခင်ဗျားတို့ သေသေချာချာလုပ်မထားကြဘူး .. လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါကြောင့် ယခု ကဲ့သို့ ကျော်ရဲအောင် အချိန်မှီ မရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး သူ၏ အနုပညာလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ပိတ်ပင်ခြင်းခံရမည်ကို ရန်ကုန်စာနယ်ဇင်းများမှ စိုးရိမ်လျှက်ရှိကြပါတယ်။

စာနယ်ဇင်းများအတွက် လိုအပ်သည့် ဘောပင်၊ မှတ်စုစာအုပ်များယူဆောင် ခြင်းမပြုရတဲ့အကြောင်းနှင့်ပတ်သက်ပြီး စာနယ်ဇင်း ဆရာမ တစ်ဦးမှ MHT သို့ ဆိုရာတွင် “ကျွန်မတို့ကိုသာ လုံခြုံရေးကို အကြောင်းပြပြီး ပိတ်ပင်တားဆီးတာမျိုးတွေကို လုပ်ကြတာပါ။ အခမ်းအနား အတွင်းမှာတော့ လာကြတဲ့မင်းသား မင်းသမီးတွေကို အော်တိုထိုးဖို့အတွက် စာအုပ်တွေ ဘောပင်တွေက ဘယ်ကထွက်လာမှန်း မသိဘူး ရှင့်။ ယူနီဖောင်းဝတ် ၀န်ထမ်းတွေလက်က ဆွဲလာတဲ့ ကလေးတွေလက်ထဲမှာတောင် မှတ်စုစာအုပ်နဲ့ ဘောပင်တွေပါလာတယ်။ ဒါပေ မယ့် အလုပ်လုပ်ရမယ့် ကျွန်မတို့ဆီမှာ မှတ်စုစာအုပ်နဲ့ ဘောပင်မပါလာဘူး။ ဒီတော့ ကျွန်မတို့ စာနယ်ဇင်းတွေရဲ့ ဘ၀က ဘာဖြစ်သွားပြီ လဲ။ အာဏာပိုင်အဖွဲ့အစည်းဝင်တွေရဲ့ ကလေးတွေလောက်တောင် အသုံးမကျတဲ့ သူတွေဖြစ်သွားပြီလားလို့တောင် ကျွန်မထင်မိပါ တယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

အခမ်းအနားတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ပြောကြားသွားသောမိန့်ခွန်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ အမည်မဖော်လို့ အဖွဲ့ဝင်တစ်ဦးက ဆိုရာမှာတော့ “ကျွန်တော်တို့ဝန်ကြီးက အခမ်းအနားတွေမှာ လူကြားလို့ ကောင်းအောင် ဒီလို ပဲပြောနေတာပဲဗျာ။ လက်တွေ့မှာတော့ ကျွန်တော်တို့ရုပ်ရှင်လောက အဆင့်အတန်းမြင့်မားရေးအတွက် နိုင်ငံတော်ရဲ့အခန်းကဏ္ဍဆိုတာ ဘာဆိုဘာမှ ရှိတာမဟုတ်ပါဘူး။ ထုတ်လုပ်သူက ပိုက်ဆံရှိရင် ရိုက်ကြတယ်။ မရှိတော့ရင် ငြိမ်သွားတယ် ဒီလောက်ပါပဲ။ ဒီလိုအခြေအနေ မျိုးကြီး ဖြစ်နေတာ အနာဂတ် ကျွန်တော့်ရုပ်ရှင်လောကမှာ ရုံတင်စရာ ကားမရှိလောက်အောင်ဖြစ်လာ တော့မယ်ဗျ။ အခုအကယ်ဒမီရတဲ့ တောင်သမန်သစ္စာဇာတ်ကားဆိုရင်လည်း မင်းသမီးနန္ဒလှိုင်ကို ခေါ်ရိုက်မယ့်သူမရှိလို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ထုတ်ရိုက်ခဲ့ရတာပဲလေ။ ဒါရိုက်တာမောင်မျိုးမင်းဆိုလဲ အကယ်ဒမီရချင်လို့ အမျိုးသမီးရေးရာအဖွဲ့နဲ့ ပေါင်းပြီးရုပ်ရှင်ရိုက်ခဲ့ရတာပဲ။ ဒါကကျွန်တော်တို့ တိုင်းပြည် ရဲ့ ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့ အခြေအနေပါပဲ ” လို့ အလွတ်သဘော ပြောဆိုသွားခဲ့ပါတယ်။

နိဂုံးချုပ်အနေဖြင့် တင်ပြရမည်ဆိုရင် ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုနိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ အာဏာပိုင်အဖွဲ့အစည်းများ ရဲ့ လုံခြုံရေးအကြောင်းပြ အဆင့်ဆင့် အာဏာပြလိုမှုများနှင့် အာဏာအလွဲသုံးစားမှုများ အဆမတန်ပေါ်ပေါက်နေတဲ့ အချိန်အခါ ပင်ဖြစ် ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ဒီလိုဖြစ်ရပ်များမှ အမှန်တကယ်လွတ်မြောက်ပြီး လူ့အခွင့်အရေးအပြည့်အ၀ရရှိပြီး တိုင်းပြည်တစ်ပြည်၏ မဏ္ဍိုင်လေးခု ခိုင်ခိုင်မာမာ ရပ်တည်နိုင်အောင် နည်းမျိုးစုံအသုံးပြုပြီး ကြိုးစားဖော်ဆောင်သင့်ကြပေသည်။

မင်းထက်ဘုန်းမြတ်
awaiset.navanar@gmail.com

အပြည့်အစုံသို့ ..

ကဗျာစောဝေ၏ ဖေဖော်ဝါရီ (၁၄) ကဗျာအား ဖော်ပြခဲ့သော ဦးမြတ်ခိုင်၏ အချစ်ဂျာနယ် ပိတ်ပင်ခံထားရ

မင်းထက်ဘုန်းမြတ်
ဖေဖော်ဝါရီ(၈)၊ ရန်ကုန်မြို့။
ကဗျာဆရာ စောဝေ ရေးသားခဲ့သော ဖေဖော်ဝါရီ (၁၄) ကဗျာကို ဖော်ပြပါရှိခဲ့သော မြတ်ခိုင် တည်းဖြတ်ထုတ်ဝေလျှက်ရှိတဲ့ အချစ်ဂျာ နယ်ကို လတ်တလောတွင် စာပေစိစစ်ရေးမှ ယာယီသဘော ပိတ်ပင်ခြင်း ခံထားရသောကြောင့် ထွက်ရှိနိုင်ခြင်း မရှိကြောင်း သိရှိရပါ တယ်။ အချစ်ဂျာနယ်ကိုသာ စာပေစိစစ်ရေးမှ ယာယီ ပိတ်ပင်ထားခြင်း ဖြစ်သော်လည်း ဦးမြတ်ခိုင် အခြားထုတ်ဝေလျှက်ရှိသော လျှပ်တစ်ပြက် ဂျာနယ်ကိုမူ ပိတ်ပင်ခြင်း မပြုလုပ်ကြောင်း သိရှိရပါတယ်။

အချစ်ဂျာနယ် ပိတ်ပင်ခြင်း ခံထားရတဲ့အတွက် ဦးမြတ်ခိုင်ဟာ ဇာမဏီဂျာနယ်အား သူ၏ ဦးဆောင်မှုဖြင့် ပြန်လည်ထုတ်ဝေသွားမှာဖြစ် တယ်လို့ သတင်းတွေ ထွက်ရှိနေပါတယ်။ ဇာမဏီဂျာနယ်ဟာ ယခင် ဗိုလ်ချုပ်ခင်ညွန့်၏ စစ်ထောက်လှမ်းရေး အဆက်အနွယ်များမှ ပိုင် ဆိုင်သော ဂျာနယ်ထုတ်ဝေခွင့် ကဒ်ပြားနာမည်ဖြစ်သလို ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အထိ တစ်နှစ်ကျော် ထုတ်ဝေခဲ့တဲ့ ဂျာနယ်တစ်စောင် လည်းဖြစ်ပါတယ်။

ဒီဂျာနယ် ထွက်ရှိစဉ်ကာလများတွင်မူ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် အကြောင်းအရာ၊ လူအဖွဲ့ အစည်းတိုးတက်မှု နှင့် ပတ်သက်သည့် အကြောင်းအရာ အခြားအသိပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ လုံးဝပါဝင်ခြင်း မရှိ ခဲ့ပဲ၊ အသိပညာ နိမ့်ကျသော မြန်မာပြည်သူများထံမှ ငွေကြေးကို အလှအပဘန်းပြပြီး ရယူခဲ့သော ဂျာနယ်တစ်စောင်အဖြစ် ရန်ကုန် စာ နယ်ဇင်းလောကမှာ သတင်းကြီးတဲ့ ဂျာနယ်တစ်စောင်လဲဖြစ်ပါတယ်။

ယခုအခါ ဒီဂျာနယ်ကိုပင် ဦးမြတ်ခိုင်မှ တည်းဖြတ်ထုတ်ဝေဦးမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် မြန်မာ့စာနယ်ဇင်းလောက နှင့် မြန်မာပြည်သူများအတွက် အမှိုက်သရိုက် ဂျာနယ်တစ်စောင်အဖြစ် ပေါ်ပေါက်လာလိမ့်ဦးမည်လို့ လေထန်ကုန်းအသိုင်းအ၀ိုင်းမှ စိုး ရိမ်လျှက် ရှိကြပါတယ်။
မင်းထက်ဘုန်းမြတ်
awaiset.navanar@gmail.com

အပြည့်အစုံသို့ ..

ရန်ကုန်မြို့တော်တွင် မီးကိုအချိန်ဖြင့်သာ ရရှိနေသော်လည်း နေပြည်တော် လူမရှိ၊သူမရှိတွင်မူ ခြုံပုတ်ကအစ မီးလင်း၍နေသည်။

ဖေဖော်ဝါရီ(၈)၊ ရန်ကုန်မြို့။


ရန်ကုန်မြို့တွင်သာ လျှပ်စစ်မီးကို အချိန်နှင့် ရက်ခြားနှင့် ရရှိနေသော်လည်း နေပြည်တော်တွင်မူ ခြုံမှအစ မီးလင်း၍နေကြောင်း သိရှိရ သည်။ ရန်ကုန်မြို့တွင်မူ နှစ်ရက်ခြားတစ်ရက်သာ လျှပ်စစ်မီး ရရှိနေသောကြောင့် ရန်ကုန်မြို့နေပြည်သူများအနေဖြင့် လွန်စွာစိတ်ဒုက္ခ ရောက်နေကြရပါတယ်။

ယခုကဲ့သို့ လျှပ်စစ်မီးပုံမှန်မရရှိမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြို့နေ အိမ်ရှင်တစ်ဦးမှ MHT သို့ ဆိုရာတွင် “ကျွန်မတို့က ဒီလို အခြေအနေမျိုး တွေကို တွေ့ကြုံရင်ဆိုင်နေခဲ့ကြရတာ တော်တော်ကြာပါပြီ။ အခုလို မိုးရာသီကုန်ပြီဆိုကတည်းက ရန်ကုန်မှာ မီးပျက်တာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လာပါပြီ။ အစပိုင်းမှာတုန်းကတော့ ဘယ်ကမ်းလွန်ရေနံမြေက သဘာဝဓာတ်ငွေ့တွေထွက်ပြန်ပြီ၊ ရေအားလျှပ်စစ်စက်ရုံတွေ ဆောက်လို့ ပြီးပြီဆိုလို့ ကျွန်မတို့ မီးမှန်တော့မယ်လို့ ထင်ခဲ့ကြတယ်။ အခုတော့ ဒါမျိုးတွေ ကျွန်မတို့အတွက် အိမ်မက်တွေဖြစ်ခဲ့ရပါပြီ။ သူတို့ ဘယ်လောက်ပဲ သဘာဝဓာတ်ငွေတွေ ရှာတွေ့ ရှာတွေ့ ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ ဘယ်လောက်ပဲ ဆောက်လို့ပြီးပြီး ကျွန်မတို့ဘ၀က မီးလင်းလင်း မနေရဖို့ ကံပါလာကြတာလို့ပဲ သဘောထားပါတယ်” လို့ ဆိုပါတယ်။

အပြည့်အစုံသို့ ..