Monday, February 11, 2008

ဖေဖော်ဝါရီ (၁၄) ကဗျာ အပြီးတွင် စာပေစိစစ်ရေးမှ စာနယ်ဇင်းများတွင် ဖော်ပြမည့် ကဗျာများကို ပိုမို တင်းကြပ်စွာ စိစစ်လာ

ဖေဖော်ဝါရီ (၁၁)၊ ရန်ကုန်မြို့။
မင်းထက်ဘုန်းမြတ်

ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်းက အချစ် ဂျာနယ်တွင် ဖော်ပြပါရှိခဲ့သော ကဗျာဆရာ စောဝေ၏ ဖေဖော်ဝါရီ (၁၄) ကဗျာကြောင့် ရန်ကုန်မြို့ အခြေစိုက် စာနယ်ဇင်းများတွင် ဖော်ပြမည့် ကဗျာများကို စာပေစိစစ်ရေးမှ ပိုမို တင်းကြပ်စွာ စိစစ်လာကြောင်း လေထန်ကုန်း အသိုင်း အ၀ိုင်းမှ ဆိုပါတယ်။
မဂ္ဂဇင်းတစ်စောင်ကမူ ယခုကဲ့သို့ မိုမိုတင်းကြပ်စွာ ဆောင်ရွက်လာနိုင်ဖွယ် ရှိသည်ကို ကြိုတင်သိရှိသဖြင့် ကဗျာစာမူ အပုဒ် (၃၀) ကျော် စာပေစိစစ်ရေးသို့ တင်ပြခဲ့ရာတွင်လည်း တမင်ရွဲ့စောင်းပြီး တင်ပြလာသည်ဟု အကြောင်းပြကာ ထိုကဗျာ အပုဒ် သုံးဆယ်ကျော်လုံးကို ဖြုတ်ပစ်ကြောင်း သိရပါတယ်။

အယ်ဒီတာတစ်ဦးက ဆိုရာတွင်မူ “ ကျွန်တော်တို့မဂ္ဂဇင်းမှာ အရင်ကဆိုရင် ရုံးကဖြုတ်များမယ်ဆိုတာ သိလို့ ကဗျာတွေကို ပိုတင်ထား တာပဲ။ ဒါပေမယ့် ဆယ့်နှစ်ပုဒ်တင်လိုက်တာ သုံးလေးပုဒ်လောက်ကိုပဲ စာပေစိစစ်ရေးက ခွင့်ပြုခဲ့တယ်” လို့ ပြောပါတယ်။

ယခုလို ပုံနှိပ်ထုတ်ဝေရန် ပိတ်ပင်သည်ကို သိရှိပါကြောင်း အယ်ဒီတာများအနေဖြင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ သွားရောက် မှတ် သားရသည့် အခါများတွင်လည်း ၀န်ထမ်းများ၏ မချေမငံဆက်ဆံမှုများ ရှိသလို ပိတ်ပင်သည်များနှင့် ပတ်သက်ပြီးတော့လည်း အ ကြောင်းပြချက် လုံးဝရှိပဲ လိုက်နာကြရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ၀ါရင့် စာနယ်ဇင်းဆရာတစ်ဦးမှ သုံးသပ်ရာမှာတော့ “ကျွန်တော်တို့ တိုင်းပြည်မှာ စာပေစိစစ်ရေးဆိုတာ ရှိနေသမျှ ကျွန်တော်တိုင်းပြည်ရဲ့ မဏ္ဍိုင်လေးခုဟာ ဘယ်တော့မှ တည့်မတ်မှာ မဟုတ်ဘူး။ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ် ရေးနဲ့ စာနယ်ဇင်းဆိုတာ တိုင်းပြည်တစ်ပြည် တိုးတက်မှုကို ဖြစ်ပေါ်စေတဲ့ အရာတွေပါ။ ဒါပေမယ့် အခုလက်ရှိ ကျွန်တော်တို့ တိုင်းပြည် က အာဏာပိုင်တွေရဲ့ နှုတ်မှာတည်တဲ့ ဥပဒေနဲ့ တရားစီရင်ရေးတွေနဲ့ အုပ်ချုပ်ရေး ပုံစံတွေပဲရှိတော့ ဒီတိုင်းပြည် ဒီလိုဖြစ်နေတာ အ ဆန်းမဟုတ်ပါဘူး။ အခုအစိုးရက သူတို့ရဲ့ ဖွဲစည်းပုံအခြေခံဥပဒေကို ပြည်သူတွေ ဘာမှန်းညာမှန်းမသိပဲ အတည်ပြုခိုင်းလိမ့်ဦးမယ်။ ဒီဥပဒေကြီးကို အတည်ပြုပြီး သွားပြီဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည် ကျွန်တော်တို့ လူမျိုးတွေရဲ့ အနာဂတ်ဆိုတာ အခုလောလော ဆယ် မြောင်းထဲမှာပေါ့။ ဒီကနေ ချောင်းထဲကို ရောက်သွားမယ်။ ချောင်းထဲကတစ်ဆင့် မြစ်ထဲကိုရောက်သွားလိမ့်မယ်။ မြစ်ထဲရောက် သွားရင်တော့ ပင်လယ်ပဲ ရှိတော့တယ်ဗျ။ ဘယ်လိုမှ ပြန်တက်လာလို့ ရမှာမဟုတ်တော့ပါဘူး ” လို့ဆိုပါတယ်။

No comments: