Monday, February 11, 2008

တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ကို တည့်မတ်အောင် တည်ထောင်ကြမယ့် နှစ်ဆယ့်တစ်ရာစု၏ သံတော်ဆင့် များ ဖြစ်ရမည်

ဖေဖော်ဝါရီ (၁၁)၊ ရန်ကုန်မြို့။

ယခုအချိန်ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ စစ်အစိုးရဟာ သူတို့လိုသလို ရေးသားထားကြတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တိုင်းသူပြည် သားများရဲ့ ဆန္ဒတစ်စုံတစ်ရာ မပါရှိဘဲ အတည်ပြုနိုင်အောင် ပုံဖော်နေကြတဲ့ အချိန်အခါပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံ ရေး လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာရသော ကျွန်တော်တို့လို ဘလော့ဂါများ အနေဖြင့် မိမိတို့ ဘလော့ စာမျက်နှာများကို အသုံးပြုပြီး ကျွန်တော်တို့ တိုင်းပြည်ရဲ့ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းမဏ္ဍိုင်ကို တည့်မတ်အောင် တည်ထောင်ကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ဟာ ပြည်တွင်း အစိုးရခွင့်ပြုချက်ဖြင့် ထုတ်ဝေနေသော မီဒီယာများထက် ပိုမိုသာလွန်သော သတင်းပေးမှုများနှင့် လျှင်မြန် မြန်ဆန်တဲ့ နည်းပညာများကို ရယူပိုင်ဆိုင်လျှက် မီဒီယာသစ်၊ စိတ်ကူးထည် အသစ်များနှင့် ကျွန်တော်တို့ တိုင်းပြည် ကျွန်တော်တို့ လူမျိုးတို့ရဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေးတို့ကို ဖော်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။ ယနေ့ (၁၂၊ ၂၊ ၂၀၀၇) တွင် ထွက်ရှိနေတဲ့ ရန်ကုန်အခြေစိုက် မီဒီယာ တစ်စောင်ဖြစ်တဲ့ Flower News ဂျာနယ်အတွင်းမှာတော့ ကမာပြားပြီစာအုပ်နှင့် အမျိုးသား စာပေဆုရရှိထား တဲ့ ဆရာကျော်ဝင်းရဲ့ အတွေးအမြင်လို အယ်ဒီတာတွေရဲ့ အာဘော်လိုလို စစ်အစိုးရရဲ့ အာဘော်လိုလိုနဲ့ စကားတစ်ခွန်း ပါဝင်ခဲ့ပါတယ်။

ဒါကတော့ “ထိုင်းနိုင်ငံရေး အပြောင်းအလဲများက ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးကို များစွာ ထိခိုက်မှုမရှိနိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါရှိ လာတဲ့ အင်တာဗျူး ဆောင်းပါးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ အတွင်းမှ ထုတ်ပြောလိုတဲ့ စာတစ်ပိုဒ်ကတော့ အာရှနိုင်ငံတွေရဲ့ ဒီမိုကရေစီဟာ လစ်ဘရယ် မဟုတ်ဘူး။ အီလစ်ဘရယ်တွေချည်းပဲ။ ရေရှည်မှာတော့ လူထုရဲ့ ပညာရေချိန်က စကားပြောမှာပါ။ ဟုတ်တယ်လေ။ ဒီမိုက ရေစီရဲ့ အားနည်းချက်က လူတွေဟာ စကားပြော ကောင်းတဲ့သူနောက် ပါတတ်တာပဲ ဆိုတဲ့ စာသားပင် ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်စကားပြောကောင်းတဲ့သူ နောက်ကိုမှ ပါစရာမလိုတဲ့ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်စီရှိကြတဲ့ သူတွေပဲဆိုတာ သိကြဖို့ ကောင်းပါတယ်။ စစ်အစိုးရရဲ့ မတရား အုပ်ချုပ်မှုအောက်မှာ နိမ့်ကျတဲ့ ကျန်းမာရေး၊ ပညာရေးစနစ်တွေကြားထဲမှာ လူဖြစ်လာခဲ့ ကြတဲ့ သူတွေပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ လမ်းတစ်ခုကို တစ်သက်လုံး၊ မရရအောင် ကြိုးစားရှာဖွေနေမယ့် သူတွေပါ။

ငါတို့ကြိုးစားလည်း အလကားပါပဲ။ အခုအစိုးရနဲ့ ပေါင်းပြီး ငါတို့ဘ၀ တိုးတက်အောင် ဆောင်ရွက်လိုက်မယ် ဆိုတဲ့ စိတ်ဓာတ် လုံးဝမရှိကြ တဲ့ သူတွေပါ။ ကျွန်တော်တို့ နှစ်ဆယ့်တစ်ရာစု သံတော်ဆင့် အသစ်များအနေဖြင့် ယခုအချိန်ကတည်းက ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြ သည်။ အခုအချိန်ဟာ စစ်အစိုးရအုပ်ချုပ်ပုံ ညံ့ဖျင်းချက်ကို ကျွန်တော်တို့က ထောက်ပြ၊ ပြောဆို ရေးသားနေကြခြင်း ဖြစ်သလို နောက် တက်လာမယ့် ဘယ်အစိုးရဖြစ်ဖြစ် ပြည်သူကို ပြည်သူလို့ မထင်ရင် ကွန်တော်တို့က ပြောသင့်တာ ပြောရမှာဖြစ်သလို ရေးသင့်တာ ရေး ကြရမှာပဲ ဖြစ်ပါတယ်။ ခုနကပြောခဲ့သလို ဒီမိုကရေစီဆိုတာ စကားပြောကောင်းတဲ့သူနောက် ပါတတ်တယ်ဆိုတာ လုံးဝမဖြစ်စေရပါဘူး။ စကားပြောကောင်းတဲ့ သူနောက်ပါတာဟာ ဘုရားမှန်းမသိ၊ တရားမှန်းမသိ ထုတ်နဲ့ရိုက် လူသတ်တဲ့ ဖက်ဆစ်စနစ်ထက်စာရင်တော့ ပို ကောင်းမယ်ထင်ပါတယ်။

မင်ထက်ဘုန်းမြတ်
awaiset.navnar@gmail.com

No comments: