Wednesday, April 9, 2008

ဆန္ဒခံယူပွဲ လျို့ဝှက်မဲပေးမှု ဖြစ်စေရန် ကော်မရှင် ညွှန်ကြားထား

ဆန္ဒခံယူပွဲ လျို့ဝှက်မဲပေးမှု ဖြစ်စေရန် ကော်မရှင် ညွှန်ကြားထား

ချင်းမိုင်။ ။ မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲသည် သေချာသော လျှို့ဝှက်ဆန္ဒ မဲပေးစနစ် ဖြစ်စေရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင်က အောက်ခြေအဆင့် ကော်မရှင်အဖွဲ့ခွဲများသို့ ညွန်ကြားထားသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်မှ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ လမ်းညွန်ချက်တွင် ဆန္ဒခံယူပွဲကို လျှို့ဝှက်မဲပေးစနစ် အသေအချာ ဖြစ်စေရန် အသေးစိတ် ညွန်ကြားခြင်း ဖြစ်သည်။
စာမျက်နှာ (၂၇) မျက်နှာ ပါသော ညွန်ကြားချက်တွင် မဲရုံ၏ အဆင်အပြင်၊ သက်ဆိုင်ရာမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်များ၊ မဲမပေးခင်မှ မဲရေတွက် ခွဲခြားပြီးသည့်အထိ အသေးစိတ် ဆောင်ရွက်ဖွယ်များကို အတိအကျ လမ်းညွန်ထားသည်။
ထိုင်းနိုင်ငံဘန်ကောက်တွင် အခြေစိုက်ပြီး စစ်အစိုးရ၏ ဆန္ဒခံယူပွဲ တရားမျှတမှုရှိ မရှိ စောင့်ကြည့်နေသူ ကိုကျော်လင်းဦးက "တော်တော်ပြည့်စုံတာပဲ၊ ကျနော် ဖတ်ကြည့်သလောက်တော့။ ဒီအတိုင်း တကယ် လိုက်နာမည် ဆိုရင်တော့ မယုံကြည်စရာ မရှိပါဘူး။ လိုက်နာဖို့ပဲလိုတယ်" ဟုပြောသည်။
ကိုကျော်လင်းဦးသည် လာမည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ထည့်ကြရန် ဆော်သြနေသော BURMA DEMOCRATIC CONCERN အဖွဲ့၏ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖြစ်သည်။ ထိုင်း၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတွင် ရုံးဖွင့်ထားသော အဖွဲ့သည် စစ်အစိုးရ၏ မေလ ဆန္ဒခံယူပွဲတွင်မဲလိမ်မှု ရှိ မရှိ၊ စစ်အစိုးရ၏ ဖွဲ့စည်းပုံကိုအသိအမှတ်မပြုရန် ဆော်သြနေသော ပြည်ပအဖွဲ့တဖွဲ့လည်း ဖြစ်သည်။
ကော်မရှင်မှ အောက်ခြေအဆင့်သို့ ညွန်ကြားချက်များတွင် ဆန္ဒမဲပေးသူဦးရေ (၃ဝဝဝ) နှင့် အောက်ရှိလျှင် မဲရုံတရုံ၊ သတ်မှတ်ထားပြီး မဲရုံတိုင်းတွင် မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင် (၅) ဦးမှ (၁ဝ) ဦးအထိ ကြီးကြပ်မည် ဖြစ်သည်။
ဆန္ဒမဲပေးသူ လူတထောင်ထက်နည်းလျှင် မဲပုံးတပုံး၊ တထောင်ကျော်လျှင် (၂)ပုံးနှင့် သုံးထောင်အောက်ရှိလျှင် (၃)ပုံး စသည်ဖြင့် အဆင့်ဆင့် သတ်မှတ်ထားသည်။
အလားတူ မဲရုံတိုင်းတွင် လုံခြုံရေးအဖြစ် ရဲတပ်ဖွဲ့ဝင်သို့မဟုတ် သက်ဆိုင်ရာ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက တာဝန်ပေးအပ်သော မဲရုံအကူ (၂) ဦးမှ (၃) ဦး အထိ ထားရှိမည် ဖြစ်သည်။
လုံခြုံရေးအဖွဲ့များသည် မဲရုံလုံခြုံရေး၊ မဲပေးသူများ၏ စည်းကမ်းတကျ မဲပေးနိုင်အတွက် တာဝန်ရှိသည်ဟု ဆိုသည်။ မဲရုံအတွင်း မဖွယ်မရာလုပ်သူကို မဲရုံမှူး၏ ညွန်ကြားချက်အရ မဲရုံပြင်ပသို့ ဖယ်ရှားခွင့်လည်း ရှိသည်။
မဲဆန္ဒပေးသူများသည် မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုရန် သတ်မှတ်ထားသော နေရာတွင် ဆန္ဒပြုပြီးနောက် မဲပုံးအတွင်း ကိုယ်တိုင်ကိုယ်ကျ မဲပေးရမည် ဖြစ်သည်။ လျှို့ဝှက်ဆန္ဒပြုရန် အခန်းတွင်း စားပွဲပေါ်တွင် အသင့်ရှိနေသော ဘောလ်ပင်ဖြင့် မဲစာရွက်ပေါ်တွင် အမှတ်အသားပြုရမည် ဖြစ်သည်။
ဆန္ဒမဲပေးသူများအနေဖြင့် ကန့်ကွက်လျှင် ကြက်ခြေခတ်ရမည် ဖြစ်ပြီး ထောက်ခံလျှင် အမှတ်ပေးရမည်။
အလုံကာထားသော လျှို့ဝှက်ဆန္ဒပြုခန်းသို့ အဝင်တွင် မဲဆန္ဒရှင်၏ ကိုယ်ရေးအချက်အလက်များကို မဲစာရင်း စစ်ဆေးသည့် မဲရုံအဖွဲ့ဝင်က စစ်ဆေးပြီးနောက် ခွင့်ပြုမှသာ လက်မှတ်ထုတ်ပေးသူက လက်မှတ်ထုတ်ပေးမည် ဖြစ်သည်။
မဲစာရင်း စစ်ဆေးသည့် မဲရုံအဖွဲ့ဝင်က မဲပေးခွင့်ပြုပါက မဲစာရင်းပါ သက်ဆိုင်သူ၏ အမည်တည့်တည့် မှတ်ချက်ဇယားတွင် လက်မှတ်ထိုးခြင်း သို့မဟုတ် လက်ဝဲလက်မ လက်ဗွေပုံစံကို နှိပ်ခြင်းကို လုပ်ဆောင်ရမည်။
မဲရုံမှူး၏ လက်မှတ်မပါသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုကြောင်း မထင်ရှားသော လက်မှတ်၊ ဆန္ဒပြုမထားသည့် လက်မှတ်၊ ဆုတ်ဖြဲ ထားသော လက်မှတ်၊ အတုပြုလုပ်ထားသည်ဟု မဲရုံမှူးက သတ်မှတ်သောလက်မှတ် တို့ကို ပယ်မဲအဖြစ် သတ်မှတ်သည်။
ရက်ကွက်၊ ကျေးရွာမဲရုံမှူးသည် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲထံမှ ဆန္ဒမဲပေးသူ အရေအတွက်နှင့် ညီမျှသော မဲစာရွက်များအပြင် ယင်းအရေအတွက်၏ (၁ဝ) ရာခိုင်နှုန်းနှင့် ညီမျှသော မဲစာရွက်အပိုများကို ဆန္ဒမဲပေးသူများ၏ ဆန္ဒအတိုင်း လဲလှယ်ပေးနိုင်ရန် အပိုဆောင် ထားရမည်ဟု ဆိုသည်။
မဲပေးချိန်မှာ နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိဖြစ်ပြီး သတ်မှတ်ချိန်မတိုင်ခင် မဲပရဝုဒ်အတွင်း ရောက်ရှိနေသူများလည်း မဲပေးခွင့်ရမည် ဖြစ်သည်။
မဲရုံမှူးသည် မဲရုံပိတ်ချိန်တွင် ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲ၊ အပိုမဲစာရွက်များကို မဲရုံအဖွဲ့ဝင်များနှင့် အများရှေ့မှောက်တွင် ရေတွက်ပြီးနောက် ထုပ်ပိုးကာ ကျေးရွာကော်မရှင် ထိုမှတဆင့် မြို့နယ်သို့ အဆင့်ဆင့်လွှဲအပ်သွားမည်ဟု ဆိုသည်။
ယင်းအပြင် မဲပေးသည့်နေတွင် မဲရုံနှင့် ကိုက်ငါးရာအကွာအတွင်း ဆန္ဒမဲပေးမှုကို အနှောင့်အယှက်ဖြစ်စေမည့် ကျယ်လောင်သော အသံများ ပြုလုပ် ဖန်တီးခြင်းကို တားမြစ်ထားသည်။
စစ်အစိုးရသည် လာမည့်ဆန္ဒခံယူပွဲကို မေလအတွင်း ကျင်းပမည်ဟု လွန်ခဲ့သော လပိုင်းကတည်း ကြေညာထားသော်လည်း ကျင်းပမည့် ရက်အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပါ။

No comments: