Monday, January 21, 2008

စစ်သေနတ်ပြောင်းဝအောက်ကမြန်မာ့မီဒီယာ

မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနညွှန်မှူး ဗိုလ်မှူးတင့်ဆွေ၏အသံက ဖုန်းထဲမှာ ကြည်လင်ပြတ်သား လွန်းလှသည်။
“ဟုတ်ကဲ့ပြောနေပါတယ်” ဟူသောအဖြေစကားထိ အဆင်ပြေသည်။
“မြန်မာတိုင်းမ်(စ်)ဂျာနယ်တပတ်ပိတ်ခံ ရတဲ့ကိစ္စ မေးချင်လို့ပါ”
“အဲဒါဘယ်ကသိတာလဲ အခုပြောနေတာဘယ်ကလဲ”
“ဧရာဝတီမဂ္ဂဇင်းကပါ” ဟူသောအဖြေစကားပြန်ကြားပြီးချိန်တွင် စက္ကန့်အတော်ကြာကြာ တိတ်ဆိတ်သွား တော့သည်။ အချိန်အတော်ကြာကြာစောင့်ပြီး “ဟယ်လို” သံဖြင့်သတိပေးသည်။ ဘာသံမှမကြားရ၊ ဖုန်းချ လိုက်တာလည်းမဟုတ်၊ စက္ကန့်မှမိနစ်သို့ကူးပြောင်းလာချိန်တွင်တော့ ဖုန်းလိုင်းမကြည်မလင်ဖြစ်လာသလို ဆူညံသံများဝင်လာကာ ဖုန်းကျသွားတော့သည်။ ထပ်ခေါ်သော်လည်းမရတော့။
ဇန်နဝါရီ ၁၂ရက်နေ့က မြန်မာတိုင်းမ်(စ်)ဂျာနယ် တပတ်ပိတ်ပင်ခံရမည် ဟူသောသတင်းထွက်ပေါ်လာခဲ့ သည်။ အကြောင်းရင်းမှာ ဂြိုဟ်တုစလောင်းနှင့် ပတ်သက်သောသတင်းကို ဖော်ပြလိုက်သောကြောင့်ဟု သတင်းဂျာနယ်လောကမှ ပုဂ္ဂိုလ်တဦးကပြောသည်။ ၁၄ရက်နေ့ညနေပိုင်းတွင်တော့ မြန်မာတိုင်းမ်(စ်) ဂျာနယ်၏ အယ်ဒီတာသုံးဦးနှင့်သတင်းထောက်ချုပ်တဦးကိုပါ နှုတ်ထွက်ခိုင်းသည်ဟု သတင်းရပ်ကွက်မှ ကြားသိရပြန်သည်။
“ဒီတခေါက်အပြစ်ပေးလိုက်တာကတော့ တော်တော်လေးပြင်းထန်တယ်ဗျ ကြည့်ရတာ နမူနာကြည့်ထား နောက်လုပ်ရင်ဒီအတိုင်းခံရမယ်ဆိုတဲ့ သဘောလားမသိဘူး” ဟု အယ်ဒီတာတဦးကသူ့အထင်ကိုပြောပြ သည်။
စာပေစိစစ်ရေး၏မူဝါဒဆိုသည်မှာ ပုံသေမရှိကြောင်းနှင့် အခြေအနေကိုလိုက်၍ မီးစင်ကြည့်ကနေရကြောင်း ၎င်းကဆက်ပြောသည်။
မြန်မာသတင်းမီဒီယာသမားများ၏ သတင်းရေးသားပုံကို အစိုးရသတင်းစာပုံစံအတိုင်းရေးသားရန်နှင့် အမျိုး သားအကျိုးစီးပွားထိခိုက်မည့်သတင်းများ မရေးသားရန် ရေးသားပါကတင်းကျပ်စွာအရေးယူသွားမည်ဖြစ် ကြောင်းကို ဇန်နဝါရီ၁၃ရက်နေ့က ကျင်းပသည့်၁၆ကြိမ်မြောက် မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်းနှစ်ပတ်လည်အစည်းအဝေးတွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း ကပြောကြားခဲ့သည်။
“အမျိုးသားအကျိုးစီးပွားဆိုတာက တကယ်တော့ကြားကောင်းအောင်ပြောတာပါ၊ စစ်အစိုးရရဲ့အကျိုးစီးပွားပါ ပဲ” ဟု မြန်မာပြည်မှ ဂျာနယ်အသိုင်းအဝန်းနှင့်နီးစပ်သူ တဦးကပြောသည်။ ပြင်းပြင်းထန်ထန်အရေးယူသွား မည်ဆိုသည့်အချက်မှာ ယုံမှားသံသယရှိစရာမလိုကြောင်းနှင့် စစ်အစိုးရရေရှည်တည်တံ့ခိုင်မြဲမှုအတွက် ပိုမို တင်းကျပ်သွားဖွယ်သာရှိကြောင်း၎င်းက ဆက်ပြောသည်။
“ဂျာနယ်တွေကို သူတို့ပြောစေချင်တာပြောပေးဖို့သက်သက် ထုတ်ဝေခွင့်ပြုထားတာပဲ။ ပြည်သူတွေသိချင် တာသိရဖို့ ဖော်ပြနိုင်ဖို့ဆိုရင်တော့ စာပေစိစစ်ရေးဆိုတာကြီး မရှိမှရမယ်” ဟု ၎င်းကပြောသည်။ ဆက်လက် ၍ ၎င်းက မြန်မာတိုင်းမ်(စ်)ဂျာနယ်တပတ်ပိတ်ပင်သည့်ကိစ္စမှာ ပြင်းထန်လွန်းသည်ဟုဆိုသည်။
အရေးယူသည့် အကြောင်းအရာမှာ ပြည်သူများအမှန်တကယ်သိချင်နေသည့် သတင်းဖြစ်ပြီး၊ တာဝန်ရှိသူတဦးကစလောင်းလိုင်စင်ကြေး လက်မခံသေးကြောင်းနှင့် ယခုလက်ရှိ လက်မခံသေးသည့်အတွက် လက်ခံ သည့်အချိန်တွင် နောက်ကျကြေးများပေးရန်လိုမည်မဟုတ်ကြောင်း ပြောပြထားရာ စလောင်းနှင့် ပတ်သက် ၍ဇဝေဇဝါဖြစ်နေသည့် ပြည်သူများအတွက် ရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်သွားကြောင်း ၎င်းကဆက်ပြော သည်။
မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာန၏ မူဝါဒမှာ တနေ့တမျိုးပြောင်းလဲနေသကဲ့သို့ ဂျာနယ်တစောင်နှင့် တစောင်၊ သတင်းစာတစောင်နှင့်တစောင်အပေါ် သဘောထားများမှာမတူညီကြောင်း ဂျာနယ်တစောင်၏ ထုတ်ဝေသူတဦးကပြောသည်။
“ကျနော့်အနေနဲ့တော့ current ဖြစ်တဲ့ issue နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးတွေကို လွတ်လွတ် လပ်လပ် ဝေဖန်ရေးသားနိုင်တဲ့အခြေအနေမျိုးလိုချင်တယ်” ဟုသတင်းဂျာနယ်အယ်ဒီတာတဦးကပြောသည်။ သူ့အသံမှာ လက်ရှိထုတ်ဝေရေးသား လုပ်ကိုင်နေရသည့် အလုပ်အပေါ်အားမလိုအားမရဖြစ်နေဟန် အထင်း သားပေါ်လွင်နေသည်။ စိစစ်ရေး၏မူဝါဒမမှန်ကန်မှုနှင့် လွတ်လပ်စွာရေးသားနိုင်မှုမရှိခြင်းတို့ကြောင့် စာဖတ် သူများနှင့် ပြိုင်ဘက်မီဒီ ယာအခြင်းခြင်း သဘောထားကွဲလွဲမှုများရှိနေရကြောင်း ၎င်းကဆက်ပြောသည်။
“စိစစ်ရေးရဲ့မူဝါဒကလည်းမမှန်၊ လွတ်လွတ်လပ်လပ်လည်းရေးလို့မရ ဂျာနယ်တစောင်စီချဉ်းကပ်ပုံခြင်း လည်း မတူတော့ သူ့ကျတော့ပေးတယ်၊ ကိုယ့်ကျတော့မပေးဘူး ဆိုတာမျိုးဖြစ်လာတယ်” ဟု သူကဆို သည်။ မီဒီယာ၏အလုပ်မှာ ပြည်သူလူထုသိချင်သည့် အကြောင်းအရာကို အဖြစ်မှန်အတိုင်း ရေးသားပြရ မည်ဖြစ်သဖြင့် တပြေးညီရေးခွင့်ရလျင် စာဖတ်သူ၏အထင်လွဲမှုကိုခံရစရာမရှိသကဲ့သို့ ပြိုင်ဘက်မီဒီယာ အချင်းချင်းလည်း အထင်လွဲစရာရှိတော့မည် မဟုတ်ဟု ၎င်းကဆက်ပြောသည်။
“ခုဟာက သူ့ကျတော့ရိုက်တယ်၊ ငါ့ကျတော့မရိုက်ဘူးဆိုပြီး ဆရာမကိုပြေးပြေးတိုင်နေတဲ့ ကလေးတွေလို ဖြစ်နေတယ်” ဟု၎င်း၏အမြင်ကို ဆက်ပြောပြသည်။
မြန်မာနိုင်ငံအတွင်းရှိ ဂျာနယ်၊ မဂ္ဂဇင်းများမှာ အပတ်စဉ်ထုတ်နှင့် လစဉ်ထုတ်များဖြစ်ကြပြီး အပတ်စဉ်ထုတ် ဂျာနယ်က တပတ်ကြို၍ စိစစ်ရေးတင်ရကာ လစဉ်ထုတ်မဂ္ဂဇင်းများက ထုတ်ဝေမည့်အချိန်ထက် တလကြို တင် စိစစ်ရေးသို့တင်ပြကြရသည်။ ဥပမာ အင်္ဂါနေ့ထွက်မည့် ဂျာနယ်က မထွက်မီ တပတ်အင်္ဂါနေ့တွင် စိစစ်ရေးတင်ရသည်။ စိစစ်ရေးရုံးကအဆင့်ဆင့်ဖတ်ပြီး စည်းဝေးထိုင် ဖြုတ်စရာရှိသည်များကိုဖြုတ်ကာ ကြာ သပတေးနေ့တွင် အဖြေသိရသည်။
ဂျာနယ်တိုက်ကဖြုတ်စရာရှိသည်များကို မှတ်သားပြီး ပြုပြင်ကာ အချောထုတ်ပြီးသောကြာနေ့တွင် စတင်၍ပုံ နှိပ်သည်။ ပြဿနာမှာ ကြာသပတေးနှင့် သောကြာနေ့များတွင်ရသော သတင်းများကို သူများထက်ဦးအောင် ထည့်သွင်းပုံနှိပ်လိုသည့် ကိစ္စဖြစ်သည်။ ထိုသတင်းများကို နောက်ဆက်တွဲဟုခေါ်သည်။ နောက်ဆက်တွဲ သတင်းများကို စိစစ်ရေးသို့တင်ချိန်တွင် ဂျာနယ်ကစတင်ပုံနှိပ်နေပြီဖြစ်သည်။
“နောက်ဆက်တွဲကို မလွတ်နိုင်တဲ့သတင်းမျိုးမလုပ်ရဲကြဘူး၊ စိစစ်ရေးကတော့ နောက်ဆက်တွဲလုပ်မယ်ဆို ရင် လာရောက်ညှိနှိုင်းနိုင်တယ်လို့ ပြောထားတယ်၊ ဒီတော့ကျနော်တို့က နောက်ဆက်တွဲတင်မယ့်သတင်းက ဘာဆိုတာ ဗိုလ်မှူးတင့်ဆွေကို ကြိုတင်အကြောင်းကြားထားလိုက်တယ်” ဟု သတင်းဂျာနယ်တစောင်မှ အယ်ဒီတာချုပ်ကပြောပြသည်။
အချို့ဂျာနယ်များမှာ စိစစ်ရေးနှင့်ပိုင်သည်ဟုဆိုကာ နောက်ဆက်တွဲအတွက်ကြိုတင် အကြောင်းမကြားထား သဖြင့် မူဝါဒရုတ်တရက်အပြောင်းအလဲတွင် ပြဿနာဖြစ်ရကြောင်း ၎င်းကဆက်ပြောသည်။
“စာပေစိစစ်ရေးနဲ့အလုပ်လုပ်ရတာက ဘယ်လောက်မြင့်မယ်မှန်းမသိတဲ့ တန်းခုန်ပြိုင်ပွဲ ဝင်ပြိုင်နေရသလိုပဲ။ လွတ်မယ် ထင်ပေမယ့်လည်း ခလုတ်တိုက်ပြီးပြုတ်ကျချင်ကျတာ” ဟုမြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာချုပ် ဟောင်း ဒေါက်တာလွမ်းဆွေက ပြောသည်။ ၎င်းမှာမြားနတ်မောင်မဂ္ဂဇင်းတွင် ဆယ်နှစ်ခန့် အယ်ဒီတာချုပ် လုပ်ခဲ့သည့် အတွက် စိစစ်ရေးနှင့် ပတ်သက်၍ ပုံစံအမျိုးမျိုးကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။
“တင်းကြပ်တယ်ဆိုတဲ့မူဝါဒကတော့ ထောက်လှမ်းရေးခေတ်နဲ့ အခုဘာမှမကွာဘူး၊ လူပဲပြောင်းသွားတယ် မူကတော့ ဒါပဲ” ဟုမဂ္ဂဇင်းအယ်ဒီတာတဦးကပြောသည်။
၂၀၀၇ခုနှစ် ဇူလိုင်လအတွင်းကမူ စစ်အစိုးရသတင်းစာများကို ဝေဖန်အကြံပြုစာများပေးပို့နိုင်ကြောင်းနှင့် အကောင်းဆုံးဝေဖန်သူကို ဆုငွေများချီးမြှင့်မည်ဖြစ်ကြောင်း သတင်းစာအချပ်ပိုများဖြင့် ဖိတ်ခေါ်ခဲ့သေး သည်။ သို့သော်နောက်ပိုင်းတွင် သတင်းရေးသားသည့်ပုံစံနှင့် ပါဝင်သည့်အကြောင်းအရာများ အနည်း ငယ်ပြောင်းလဲလာသည်မှအပ ထူးခြားမှုမရှိခဲ့ပေ။
စက်တင်ဘာအရေးအခင်းမတိုင်မီက ပြည်ပမီဒီယာများနှင့်ပတ်သက်၍ မည်သို့မျှပြောဆိုခြင်းမရှိသော်လည်း စက်တင်ဘာနောက်ပိုင်းတွင်မူ အတိုက်အခံသတင်းမီဒီယာများကို ပြင်းပြင်းထန်ထန်ဝေဖန်ရေးသားရုံမက စစ်အစိုးရပိုင်သတင်းစာများတွင် စာလုံးမဲကြီးများဖြင့် ဖော်ပြဝေဖန်တိုက်ခိုက်လျက်ရှိသည်။
ဇန်နဝါရီ၁၃ရက်နေ့ကကျင်းပသော ပြည်ခိုင်ဖြိုးနှစ်ပတ်လည်အထိမ်းအမှတ် ဗီဒီယိုဇာတ်လမ်းအတွက် ဂုဏ်ပြုညစာစားပွဲ ကျင်းပရာတွင်လည်း ဗိုလ်မှူးချုပ်ကျော်ဆန်းက မီဒီယာ၏စွမ်းအားသည် မျိုးဆက်သစ်လူ ငယ်များကို လမ်းမှန်ရောက်အောင်စွမ်းဆောင်နိုင်သကဲ့သို့ လမ်းမှားကိုဆိုးဆိုးရွားစွာရောက်အောင် စွမ်း ဆောင်နိုင်ကြောင်း၊ နိုင်ငံတနိုင်ငံ တိုင်းပြည်တပြည်ကိုလည်း ကိုလိုနီလက်သစ်သြဇာခံနိုင်ငံဘဝသို့ရောက် အောင် စွမ်းဆောင်ပေးနိုင်ကြောင်း စသည်ဖြင့်ပြောသွားခဲ့သည်။
“ပွင့်ပွင့်လင်းလင်းရှိမယ့် မီဒီယာတွေနဲ့ အပြန်အလှန်ဝေဖန်ရေးသားနိုင်တဲ့အခြေအနေမျိုးဆိုရင်တော့ သူပြော သလို ကိုလိုနီလက်သစ်နိုင်ငံမျိုးဖြစ်မှာမဟုတ်ဘူးဆိုတာ ကျနော်ပြောရဲတယ်” ဟု ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။ ၎င်းအနေဖြင့် ပြည်တွင်းသတင်းဂျာနယ်၌ လုပ်ကိုင်နေရသည့်အခြေအနေတွင် စိတ်ကျေနပ်မှု မရနိုင်ဟုဆိုသည်။
“ကျနော်တို့စိတ်ကျေနပ်တယ် မကျေနပ်ဘူးဆိုတာက တပတ်တပတ် ဘယ်နှပုဒ်လွတ်တယ် ဘယ်နှပုဒ်ပြုတ် တယ် ဆိုတဲ့အပေါ်မှာမူတည်တယ်၊ တခါတလေ ရှားရှားပါးပါးလွတ်လာတာမျိုးလေးတွေရှိရင် ပျော်တယ်” ဟု ၎င်းကဆက်ပြောသည်။
၂၀၀၇နိုဝင်ဘာလအတွင်းက မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနညွှန်မှူးက အပတ်စဉ်ထုတ်ဂျာနယ် အယ်ဒီတာများကိုဆင့်ခေါ်၍ ဂျာနယ်ထုတ်ဝေရေးစီးဆင်းမှုပုံစံ ပိုမိုမြန်ဆန်ရေးအတွက် အကြံဥာဏ်များ တောင်းခံခဲ့သေးကြောင်း အယ်ဒီတာတဦးကပြောပြသည်။
“အကြံဥာဏ်တောင်းတယ်ဆိုပေမယ့် သူတို့စဉ်းစားထားတာကိုပဲပြောသွားတာပါ၊ ဂျာနယ်တွေဘက်က အကြံပေးပေမယ့် သူတို့ဘက်က ဘာမှလက်မခံဘူး နောက်ဆုံးပြောသမျှခေါင်းညိတ်ပြီးပြန်လာရတာပဲ” ဟု ၎င်းကဆက်ပြောသည်။
ဗိုလ်မှူးတင့်ဆွေကိုယ်တိုင် စာပေသမားအမည်ခံထားသော်လည်း ဗိုလ်ချုပ်ကျော်ဆန်း၏အလိုကျ စည်းကမ်း ချက်များကို အမျိုးမျိုးပြောင်းလဲသတ်မှတ်နေရခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ဂျာနယ်အယ်ဒီတာချုပ်များ အနေနှင့် ဗိုလ်မှူးတင့်ဆွေနှင့်အဆင်ပြေရုံဖြင့် မလုံလောက်ဘဲ ဗိုလ်ချုပ်ကျော်ဆန်းထံဝင်ထွက်၍ အလိုကျနေ နိုင်မှသာ အဆင်ပြေနိုင်မည်ဖြစ်ကြောင်း ၎င်း၏အတွေ့အကြုံကိုရှင်းပြသည်။
ဗိုလ်မှူးချုပ်ကျော်ဆန်းအနေနှင့် မီဒီယာလက်နက်ဟူသောဝေါဟာရကို သုံးစွဲ၍ အရသာတွေ့နေပုံရသည်။ ယခင်လကကျင်းပခဲ့သော အာဆီယံနိုင်ငံများ အစည်းအဝေးတွင် အင်အားကြီးနိုင်ငံများက မီဒီယာကိုလက် နက်သဖွယ်အသုံးချကာ နိုင်ငံငယ်ကလေးများကို အနိုင်ကျင့်နေသဖြင့် နိုင်ငံငယ်ကလေးများက အခြင်းခြင်း စည်းစည်းလုံးလုံးဖြင့် ပြန်လည်တိုက်ခိုက်နိုင်ရမည် ဟုအသံကျယ်ကျယ်ဖြင့် ပြောသွားခဲ့သေး၏။
ခုတလောတွင်လည်း စစ်အစိုးရပိုင်သတင်းစာများပေါ်တွင် မီဒီယာလက်နက်ဆိုသည့် စကားလုံးက မမြင်ချင် အဆုံးဖြစ်နေသည်။ ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ပင် ထွန်းဖောင်ဒေးရှင်း စာပေဆုပေးပွဲ၌ ဗိုလ် မှူးချုပ်ကျော်ဆန်း၏ မီဒီယာလက်နက်အကြောင်းမိန့်ခွန်းကို ဖတ်လိုက်ရသေးသည်။ အမျိုးသားအကျိုးစီးပွား ကို မီဒီယာစွမ်းပကားဖြင့် ကာကွယ်ထိန်းသိမ်းရမည်။ အဆင့်အတန်းမြင့်မားသည့်အတွေးနှင့် အမျိုးသားရေး အမြင်တို့ဖြင့် စာပေလောကဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံနှင့် လူမျိုးဂုဏ်ကိုမြှင့်တင်ရမည် စသည်ဖြင့် ရေးသား ထားသည်။
စက်တင်ဘာအရေးအခင်းနောက်ပိုင်း အတိုက်အခံမီဒီယာများကို ထိတ်လန့်ပြီး ပြည်တွင်းမီဒီယာများကို စစ်အစိုးရအတွက် လက်နက်သဖွယ်အသုံးချချင်နေတာကတော့သေချာသည်။ စစ်အစိုးရ၏အလိုကျ သေဆို သေရှင်ဆိုရှင်နေရသော ပြည်တွင်းမီဒီယာသမားများမှာ သနားစရာကောင်းလှသည်။ တချို့မီဒီယာစီးပွားရေး သမားများကတော့ တချိန်ချိန်တွင် နေ့စဉ်ထုတ်သတင်းစာထုတ်ခွင့် ပေးလာနိုင်သည်ဟူသော မျှော်လင့်ချက် ကလေးဖြင့် ဗိုလ်ချုပ်ကျော်ဆန်းအလိုကျ အပါးတော်မြဲလုပ်နေကြကြောင်း ဂျာနယ်လောကမှ ကြားသိရ သည်။
ဗိုလ်မှူးချုပ်ကျော်ဆန်းက အသံကျယ်နေနိုင်သော်လည်း ဗိုလ်မှူးတင့်ဆွေကတော့ တိတ်ဆိတ်နေသည်။ ဘာသံမှမကြားရ။ စာပေအရေခြုံထားသောစစ်ဗိုလ်ဟောင်းကြီးအနေနှင့် အထက်အမိန့်မရဘဲ ‘ဟုတ်တယ် မဟုတ်ဘူး’ စကားလေးတခွန်းကိုပင် မဖြေကြားနိုင်သည့်အတွက် “နားလည်ပေးလိုက်ပါတယ်” ဟုသာဆိုရပါ တော့မည်။ ။

No comments: