Monday, January 21, 2008

သတင်းထောက်ချုပ်နုတ်ထွက်ကြောင်း မြန်မာတိုင်းမ်(စ်) အတည်ပြု

မြန်မာတိုင်းမ်(စ်) ဂျာနယ်တပတ်ပိတ်လိုက်ရပြီးနောက် သတင်းထောက်ချုပ် ကိုဝင်းကျော်ဦးနုတ်ထွက်သွား ပြီဖြစ်ကြောင်း ၎င်းဂျာနယ်၏အမှုဆောင်အရာရှိချုပ် မစ္စတာရော့စ်ဒန်ကလေက ပြည်ပသတင်းမီဒီယာများသို့ အတည်ပြုပြောကြား လိုက်သည်။
မြန်မာတိုင်းမ်(စ်)ဂျာနယ်တွင် ဂြိုဟ်တုစလောင်းလိုင်စင်ကြေးများ ဆိုင်းငံ့ထားသည့်သတင်း ရေးသားဖော်ပြ လိုက်သည့် အတွက် ဂျာနယ်ကို စာပေစိစစ်ရေးက တပတ်ပိတ်ပင်ကာ အယ်ဒီတာသုံးဦးနှင့် သတင်းထောက် ချုပ်တို့ကို အလုပ်မှ ထုတ်ခိုင်းသည် ဟူသောသတင်း ပြည်တွင်းဂျာနယ်အသိုင်းအဝန်းမှထွက်ပေါ်ခဲ့သည်။
အလုပ်မှထုတ်ခိုင်းသည်ဟု သတင်းထွက်ပေါ်နေသော အယ်ဒီတာသုံးဦးမှာ မနွယ်နွယ်အေး၊ ကိုဝင်းညွန့်လွင် နှင့် ဦးမြင့်စိုးတို့ဖြစ်ပြီး သတင်းထောက်ချုပ်မှာ ကိုဝင်းကျော်ဦးဖြစ်သည်။
ထိုသတင်းထွက်ပေါ်ပြီး ငါးရက်အကြာ မြန်မာတိုင်းမ်(စ်)ဂျာနယ်နှင့်နီးစပ်သူတဦး၏ပြောပြချက်အရ အယ်ဒီ တာသုံးဦးကို နုတ်ထွက်ခိုင်းခြင်းမဟုတ်ဘဲ ကိုဝင်းကျော်ဦးတဦးတည်းကိုသာ ထွက်ခိုင်း၍ အယ်ဒီတာသုံးဦးကို ဌာနများပြောင်းလဲ တာဝန်ထမ်းဆောင်စေမည်ဟု ဆိုသည်။
“ကိုဝင်းကျော်ဦးကို ဒီလောကမှာ ဗီယက်နမ်ဝင်းကျော်ဦးလို့နာမည်ကြီးတယ်၊ သတင်းစာရှင်းလင်းပွဲတခုမှာ ဗိုလ်ချုပ်ကျော်ဆန်းနဲ့ ပြဿနာဖြစ်ဖူးလို့ နောက်ပိုင်းသတင်းစာရှင်းလင်းပွဲဆိုရင် သူလုံးဝတက်ခွင့်မရတော့ ဘူး” ဟု အယ်ဒီတာတဦးကပြောသည်။
သတင်းစာရှင်းလင်းပွဲတခုတွင် ကိုဝင်းကျော်ဦးက ဗိုလ်မှူးချုပ်ကျော်ဆန်းအား မြန်မာပြည်ကဗီယက်နမ်ထက် ပြုပြင်ပြောင်းလဲမှုများစောစီးစွာပြုလုပ်သော်လည်း ဗီယက်နမ်ထက်များစွာ နောက်ကျနေရသည့် အကြောင်း ရင်းကိုမေးမြန်းရာ ဗိုလ်ချုပ်ကျော်ဆန်းက စိတ်ဆိုးပြီး နောက်ပိုင်းသတင်းစာရှင်းလင်းပွဲများသို့ တက်ရောက် ခွင့်ပိတ်ပင်လိုက်သဖြင့် ဗီယက်နမ်ဝင်းကျော်ဦးဟု အမည်တွင်ခဲ့ကြောင်း ဂျာနယ်အသိုင်းအဝန်းမှ ကြားသိရ သည်။
“တယောက်ထွက်ရတယ်ဆိုလည်း မနည်းဘူးဗျ၊ ကိုဝင်းကျော်ဦးကိုတော့ တော်တော်လေး အမြင်မကြည်ပုံရ တယ်၊ ဒါကြောင့်ထုတ်လိုက်တာလို့ထင်တယ်” ဟုဂျာနယ်အယ်ဒီတာတဦးကသုံးသပ်သည်။
ယခုလက်ရှိတွင် မနွယ်နွယ်အေးမှာ ခွင့်ယူ၍အနားယူနေကြောင်း မြန်မာတိုင်းမ်(စ်)နှင့်နီးစပ်သူတဦးကပြော သည်။
“ဂျာနယ်တပတ်ပိတ်လိုက်ရတော့ ကြော်ငြာကဝင်မယ့် ကျပ်သိန်း၁၀၀လောက် နစ်နာသွားတယ်၊ အဲဒါ ကြောင့် မစ္စတာရော့စ်ဒန်ကလေက တော်တော်လေးစိတ်ဆိုးနေတယ်” ဟု ၎င်းကပြောသည်။
မစ္စတာရော့ဒန် ကလေက ကိုဝင်းကျော်ဦးအနေနှင့် အလုပ်မှနုတ်ထွက်လိုက်ခြင်းဖြစ်သည်ဟု ပြည်ပမီဒီယာ များကို ဖြေကြားသော်လည်း အလုပ်မှဖြုတ်လိုက်ခြင်းသာဖြစ်ကြောင်း ကိုဝင်းကျော်ဦးနှင့်နီးစပ်သည့် အသိုင်း အဝန်းမှကြား သိရသည်။
မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနက မြန်မာတိုင်းမ်(စ်)ဂျာနယ် အယ်ဒီတာသုံးဦးနှင့် သတင်းထောက် ချုပ်ကို နုတ်ထွက်စေခြင်း ဟုတ် မဟုတ်ကို မစ္စတာရော့စ် ဒန်ကလေအား အင်တာဗျူးလုပ်၍ ပြည်တွင်းသတင်းဂျာနယ်များတွင် ထည့်သွင်း ရေးသားခွင့်ပြုထားကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းမှကြားသိရသည်။
ထိုသို့ ဂျာနယ်ထဲတွင်ထည့်သွင်းရေးသားရန် ပြည်တွင်းသတင်းဂျာနယ်တစောင်က မစ္စတာရော့စ်ဒန်ကလေ အားမေးမြန်းရာ ၎င်းကပြောရန်စောသေးသည်ဟု ပြန်ကြားကြောင်းသိရသည်။

http://www।irrawaddy.org/bur/news2008/January/jan_18a_08.html

No comments: