Monday, January 14, 2008

ဗိုလ်ချုပ်ကျော်ဆန်းရဲ့ ဥာဏ်နီဥာဏ်နက်

ဗိုလ်ချုပ်ကျော်ဆန်းရဲ့ ဥာဏ်နီဥာဏ်နက်

ယမန်နေ့က ပြုလုပ်သော ၁၆ ကြိမ်မြောက် မြန်မာနိုင်ငံ ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း နှစ်ပတ် လည် အစည်းအဝေးတွင် ပြည်တွင်းပြည်ပ မီဒီယားသမားများအား ဗိုလ်မှူးချုပ်ကျော်ဆန်းက ဤကဲ့သို့ ပြောကြား လိုက်ခြင်းဖြစ်သည်။
“ပြည်တွင်းမီဒီယာတွေအနေနဲ့ အမျိုးသားအကျိုးစီးပွားကို အကျိုးပြုတဲ့ သတင်းတွေထုတ်ပြန်ပြီးနိုင်ငံတော်ရဲ့ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ တဘက်တလမ်းက ပါဝင်ကြဖို့။ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အမျိုးသား အကျိုးစီးပွားထိခိုက်မဲ့သတင်းတွေ မရေးကြဖို့ တိုက်တွန်းလိုပါတယ်။ တကယ်လို့ ရေးသားရင်လည်း စာပေစိစစ်ရေးက တင်းတင်းကျပ်ကျပ်အရေးယူဆောင်ရွက် သွားဖို့ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောသည်။
ဗိုလ်မှူးချုပ် ကျော်ဆန်းက မီဒီယာများသည် အစိုးရ၏ မူဝါဒကို လိုက်နာသင့် ကြောင်း၊ သတင်းမီဒီယာ သမားများ အနေနှင့် အစိုးရ၏ လမ်းပြမြေပုံ ၇ ချက်နှင့် ဒီမိုကရေစီနိုင်ငံသစ်ဖော် ဆောင်နေသည့် လုပ်ငန်းစဉ်တွင် တဘက် တလမ်းမှ ပါဝင်ရန်လိုအပ်ကြောင်းလည်း ပြောသည်။
ပြည်တွင်းသတင်းမီဒီယာများကို ယခုထက်ပိုမိုချုပ်ကိုင်လိုသည့်အတွက် ယခုကဲ့သို့ ခေါ်ယူပြောကြားခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့ရှိ သတင်းမီဒီယာအသိုင်းအ၀န်းက ဝေဖန်သုံးသပ်သည်။
“အစိုးရမူဝါဒကို လိုက်နာရမယ် ဆိုကတည်းက သတင်းထောက်တွေရဲ့ အခွင့်အရေးကို ချိုးဖောက်လိုက်တာပဲ၊ ရှေ့လျှောက် စာပေစိစစ်ရေးကလည်း ခုထက်ပိုဆိုးလာမယ့် အခြေအနေရှိတယ်” ဟု ရန်ကုန် အခြေစိုက် ဝါရင့် ဂျာနယ် သတင်းထောက်တဦးက ဆိုသည်။
ယခုလက်ရှိအခြေအနေတွင် စာပေစိစစ်ရေးက ပြည်တွင်းသတင်းဂျာနယ်တချို့ကို အပျော်ဖတ် ပေါ့သတင်း များ များထည့်ရန်နှင့် အသစ်လျှောက်ထားသော သတင်းဂျာနယ်ထုတ်ဝေခွင့်များကို ပိတ်ပင်ထားသည်ဟုလည်း ဆို သည်။
ပြည်ပမှလာရောက် ရင်းနှီးမြုပ်နှံလိုသည့် ပုံနှိပ်မီဒီယာလုပ်ငန်းများကိုလည်း ခွင့်ပြုသွားမည်မဟုတ်ကြောင်း ဗိုလ်မုးချုပ်ကျော်ဆန်း၏ ပြောကြားချက်အရသိရသည်။
“ပြည်ပမီဒီယာ ကုမ္ပဏီတွေက ကျနော်တို့နိုင်ငံထဲမှာ သတင်းစာတွေ၊ ဂျာနယ်တွေထုတ်ချင်လို့ ပုံနှိပ်မီဒီယာ လုပ်ငန်းတွေလုပ်ချင်လို့ဆိုပြီး ကမ်းလှမ်းလာတာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒါမျိုး ဆားဗစ် (Service) တွေကို အစိုးရအနေနဲ့ လုံးဝခွင့်မပြုပါဘူး” ဟု ဗိုလ်မှုးချုပ်ကျော်ဆန်းက ပြောသည်။
အဆိုပါ ၁၆ကြိမ်မြောက် မြန်မာနိုင်ငံပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည်အစည်းအဝေးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်း၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှု လက်မှု လုပ်ငန်းရှင်ကြီးများအသင်း အဆောက်အအုံတွင်ကျင်းပခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်တွင်း ပြည်ပ သတင်းထောက်များ၊ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဝင်းမြင့်အပါအ၀င် အဖွဲ့ဝင် ကုန်သည်ကြီးများ စုစုပေါင်း ၃၀၀ ကျော် ဖိတ်ကြားခဲ့သည်ဟု သိရသည်။

No comments: